Thursday, February 19, 2015

တရားမ၀င်တင်သွင်းလာသော သိန်း၂၇၀ ကျော်ဖိုးရှိ ဘီယာများကို အခမ်းအနားဖြင့် စစ်တွေတွင် ဖျက်ဆီး

ရှာဖွေစုဆောင်းသူ by mgzinmyo..... 
 Kyauk Phru Youth Net

စံမောင်သန်း
(စစ်တွေ) ဖေဖေါ်ဝါရီ ၁၇
(ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။)
(ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကိုယ်တိုင်
တက်ရောက်ခဲ့သည်။)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တရားမ၀င် တင်သွင်းလာသော ကျပ်သိန်းပေါင်း ၂၇၀ ကျော် တန်ဖိုးရှိသော ဘီယာပုလင်းများကို ရခိုင်ပြည်နယ် အစိုးရမှ အခမ်းအနားပြုလုပ်ပြီး ပြည်သူများ မြင်ကွင်းရှေ့တွင် ဖျက်ဆီးပစ်ခဲ့သည်။
စုစုပေါင်းဖျက်ဆီးပစ်လိုက်သည့် ဘီယာများ၏ တန်ဖိုးမှာ ၂၇၈၄၉၀၀၀ ကျပ် တန်ဖိုးရှိပြီး ယင်းအထဲတွင် စည်ဘီယာ ၁၄၇ စည်၊ မြန်မာဘီယာ ၄၉၇ ကဒ် (၅၉၆၄ ပုလင်း)၊ Andaman ဘီယာ ၁၂၉၇ ကဒ် (၃၁၁၂၈ ဗူး) ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

ယင်းဖျက်ဆီးပစ်သည့် အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားသည်။
ဝန်ကြီးချုပ်မှ အရက်အလွန်အကျွံသောက်သုံးသူ တစ်ယောက်အတွက် မိမိအမျိုးကို စောင့်ရှောက်ဖို့ နေနေသာသာ မိမိကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ဟု ပြောကြားသည်။
ယင်းပြင် ၀န်ကြီးချုပ်က “ဖျက်ဆီးမယ့်အရက်တွေကတော့ လိုင်စင်မဲ့အရက်တွေဖြစ်ပါတယ်။ လူတချို့ အရက်အတုတွေ သောက်သုံးလို့ အသက်ဆုံးရှုံးရတယ်လို့ သတင်းထဲမှာ ဖတ်ရပါတယ်။ အမျိုးသားရေးနိုင်နိုင်ရဲ့ အရက်ကိစ္စဆောင်ရွက်တာကို ကျွန်တော်လက်ခံရရှိပါတယ်။ အရက်နဲ့ ပတ်သက်ပြီး တိုက်ဖျက်ပေးပါဆိုပြီးတော့ ကိုနိုင်နိုင်က စာရေးပြီး မှန်ဘောင်နဲ့ ပေးဖို့ထားတာရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော့် ခေါင်းထဲမှာ ထားပါတယ်”ဟု ပြောသည်။
ဝန်ကြီးချုပ်က ဆက်လက် ပြီး “ ဆင်းရဲပြည်သူများ မရှိ၍ အရက်ရောင်းသည်၊ အရက်ရောင်း၍ အဖမ်းခံ အရေးယူခံရသည်။ ပြန်လွတ်လျင် မရှိ၍ ထပ်လုပ်ခြင်းဖြင့် ၀ဲဂယက်သံသရာလည်နေကြရသည်။ အစိုးရအနေဖြင့် ပြည်သူမျက်ရည်ကျမည့်အလုပ်၊ ပြည်သူဒုက္ခရောက်မည့်အလုပ်ကို မလုပ်ချင်ကြောင်း၊ ထို့ကြောင့် ဥပဒေကို နားလည်အောင်ကြိုးစားပြီး ဥပဒေဘောင်ထဲကနေဖို့ ပြည်သူကို တိုက်တွန်းလိုပါသည်” ဟု ပြောသည်။
“စစ်တွေပွိုင့်အလှဟာ နိုင်ငံတကာမှာ ရှိတောင့်ရှိခဲ သဘာဝအလှတရားဖြစ်တယ်။ ဒီပွိုင့်ကမ်းခြေကို ကမ္ဘာ့အဆင့်မီလုပ်ပြီးသွားလို့ရှိရင် ပွိုင့်ကမ်းခြေမှာ အရက်သေစာ သောက်စား ရောင်းချမှုကို ခွင့်ပြုတော့မှာ မဟုတ်ဘူး။ အအေးတွေပဲရောင်းချခွင့် ပြုပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာကိုလည်း တစိတ်တပိုင်း မြှင့်တင်ချင်ပါတယ်” ဟု ၀န်ကြီးချုပ်ကပြောသည်။
DSC03276
မြန်မာဘီယာများကို ဆတ်ရိုးကျချောင်းထဲတွင် ဆိုက်ကပ်ထားသော MV တော်ဝင်သီရိ သင်္ဘောမှ၎င်း၊ Andaman ဘီယာများကို ယင်းဆပ်ရိုးကျချောင်းတွင်ပင် ဆိုက်ကပ်ထားသော ကျော်သန်းစိုးစက်လှေမှ၎င်း စစ်တွေမြို့မှ ပြည်သူ့ရဲက ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တပြိုင်တည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ပိုင်ရှင်မှာ တစ်ဦးတည်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အရေအတွက်အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်၍ ယခုကဲ့သို့ အခမ်းအနားတရပ်ဖြင့် ဖျက်ဆီးရခြင်းဖြစ်သည်ဟု သိရသည်။
တရားခံအား ယင်းအမှုတစ်ခုစီအတွက် ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့သည်ဟု သိရသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ ရဟန်းသံဃာများ၊ ဌာနဆိုင်ရာအကြီးအကဲများ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။
ယင်းဖျက်ဆီးခြင်းအခမ်းအနားကို ဝေသာလီကွင်း အနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment