Thursday, February 19, 2015

ရခိုင်ပြည်နယ် တိုးတက်ရေး အပြောနှင့်မဟုတ်၊ အလုပ်ဖြင့်သက်သေပြမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

ရှာဖွေစုဆောင်းသူ by mgzinmyo.....

စံမောင်သန်း
စစ်တွေ၊ ဖေဖေါ်ဝါရီ ၁၈
DSC03285
ရခိုင်ပြည်နယ် တိုးတက်ရေးကို အပြောနှင့် မဟုတ် အလုပ်ဖြင့် သက်သေပြမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပြုလုပ်သော ဓါတ်ပုံပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အား ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြိုဆိုသည့် ဂုဏ်ပြုအခမ်းအနားတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်အုန်းသည်  ယခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသား ဦးလှမောင်တင်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသော ဗမာ အမျိုးသားဝန်ကြီးချုပ်ဖြစ်ပြီး ယင်းသို့ အစားထိုးခန့်အပ်သည်ကို အပြုသဘောဖြင့် ထောက်ခံသူများ ရှိသလို ကန့်ကွက်သူများလည်း ရှိသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ သူ၏ သက်တမ်း ၇ လ အတွင်း အကောင်အထည်ဆောင်ရွက်ခဲ့မှုများကို အခမ်းအနားတွင် ပြောကြားပြီး လက်ရှိရခိုင်ပြည်နယ် အစိုးရအနေဖြင့် အပြောနှင့်မဟုတ် အလုပ်ဖြင့်သက်သေ ပြသွားမည်ဟု သူက ဆိုသည်။

ကိုးရီးယားမှ ကုမဏီတစ်ခုကလည်း စစ်တွေမြို့မြို့ပြစီမံကိန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်တွင် အဆောက်အဦများ၊ City Mart များဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ တိုးတက်ပြောင်းလဲလာတော့မည်ဟု ၀န်ကြီးချုပ်က ပြောသည်။
ယင်းပြင် စစ်တွေမြို့မှ နာမည်ကျော် ပွိုင့်ကမ်းခြေအား အဆင့်အတန်းမီ အပန်းဖြေစခန်း တစ်ခု ဖြစ်လာရန် စီစဉ်ဆောင်ရွက်နေမှုများအားလည်း ၀န်ကြီးချုပ်မှ ချပြပြောဆိုသည်။
ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေကို နိုင်ငံတကာအဆင်မီ အပန်းဖြေနေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန် လုပ်ငန်း တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီမှ အဖွဲ့တစ်ခုမှ တာဝန်ရှိသူများကို စင်ကာပူနိုင်ငံ ပင်လယ်ကမ်းခြေရှိ ပန်းခြံကိုလေ့လာရန်  စေလွှတ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အပြုသဘော ဝေဖန်ထောက်ပြသူရှိသလို အပုတ်ချသူတွေလည်း ရှိပါတယ်။ အစိုးရအပေါ်မရှင်းတာရှိရင်မေးကြဖို့၊ မကြေနပ်တာတွေရှိရင် တိုင်ကြားကြဖို့ ပြည်သူတွေကို မှာကြားချင်ပါတယ်”ဟု ၀န်ကြီးချုပ်က ဆိုသည်။
ဝန်ကြီးချုပ်က ဆက်လက်၍ “ဒီကနေ့ မီဒီယာကို ကျွန်တော်မကြောက်ပါဘူး။ ကြိုက်တဲ့မီဒီယာ ကျွန်တော့်ကိုဖုန်းဆက်၊ ကျွန်တော်လက်ခံအင်တာဗျူးပါတယ်။ ပြည်နယ်အစိုးရရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပဲ ချပြပါတယ်။ မီဒီယာကို မကြောက်ပါဘူး။ မှန်ကန်တွေးတော ကြံဆ သုံးသပ်ချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ အမြင်မတော် အပြစ်မြင်ရင်ပြောပါ၊ အမြဲတမ်းကြိုဆိုပါတယ်”ဟု မီဒီယာနှင့် ပတ်သက်ပြီးလည်း ၀န်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ်ပြောကြားမှု အပေါ် ကြိုဆိုကြောင်း သို့သော် ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လာအောင် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ၀ံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း(ရခိုင်ပြည်)ဒါရိုက်တာ ခိုင်ကောင်းစံက ထောက်ပြ ပြောဆိုသည်။
“၀န်ကြီးချုပ်ရဲ့ပြောကြားချက်ကို ကြိုဆိုပါတယ်။ ၀န်ကြီးချုပ်မှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု တစ်ခုတည်းကိုပဲ ဦးစားပေးလို့ မရပါဘူး။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ တိုးတက်လာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ စင်ကာပူဝန်ကြီးချုပ်က စင်ကာပူနိုင်ငံ တိုးတက်ဖို့ ဆောင်ရွက်တဲ့နေရာမှာ ပြည်သူတွေ သဘောပေါက်လာအောင်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိလာအောင် ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ပြည်သူတွေသဘောပေါက်လာတဲ့အတွက် ဒီကနေ့စင်ကာပူဟာ ကမ္ဘာ့အဆင့်မီဖြစ်လာခဲ့တာပါ”ဟု ပြောသည်။

No comments:

Post a Comment